၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး အာဏာသိမ်းစစ်ကော်မရှင်သည် ၄ နှစ်ကျော်အတွင်း ပြည်သူလူထုအပေါ် လွတ်လပ်ခွင့်များ ဖျက်စီးခြင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် လူငယ်များကို ဖမ်းဆီး ထောင်ချခြင်း၊ အပြစ်မဲ့ ပြည်သူလူထုများကို နည်းလမ်းမျိုးစုံဖြင့် လူသားမျိုးနွယ်အစုပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်နေပါသည်။ စစ်ကော်မရှင်သည် ၄ နှစ်အကြာ ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်လာမှုသည် ပြည်သူလူထု များအားလုံး လိုလားသည့် ရွေးကောက်ပွဲ မဟုတ်ပဲ၊ နိုင်ငံတကာတွင် တရားဝင်မှု ရရှိရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်။ ထို့အပြင် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲမဟုတ်ပဲ စစ်ကော်မရှင်၏ အလိုကျ ရွေးကောက်ပွဲသာဖြစ်ပါသည်။
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကျင်းပမှု ပြီးမြောက်ရေးအတွက် ထောက်ပံ့ ကူညီပေးနေသည့် ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့အောင် ကူညီပံ့ပိုးနေသူများဖြစ်ပြီး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းမဟုတ်ဘဲ အုပ်စုတစ်စု၏ အကျိုးအမြတ်သာ ဖြစ်နေသည်။
ထို့ကြောင့် အကြမ်းဖက် စစ်ကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ စတင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများအားလုံး ကန့်ကွက်ကြရန်နှင့် စစ်ကော်မရှင်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို မိမိတို့အဖွဲ့အစည်း “ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ် သမဂ္ဂ” မှ အပြင်းအထန်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။


Click here to download the PDF