“ကချင်တမျိုးသားလုံးဆိုင်ရာကျောင်းသားနှင့်လူငယ်သမဂ္ဂ” ဖွဲ့စည်းတည်ထောင်ခြင်းနှစ်၃၀ပြည့်သဘောထားထုတ်ပြန်ချက်

“ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ” သည် မိမိတို့ ကချင်လူမျိုးများ ဆုံးရှုံးနစ်နာနေသော နိုင်ငံရေး တန်းတူရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် ရပ်တည်နေသောအဖွဲ့အစည်းဖြစ်ပါသည်။ ယနေ့ ၂၀၂၅ သြဂုတ်လ (၅) ရက်နေ့သည် “ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ” ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့် နေ့ကျရောက်လာပါပြီ။ 

မြန်မာပြည်သည် တောင်တန်းဒေသမှ ရှမ်းပြည်၊ ကချင်ပြည်နှင့် ချင်းပြည်စသည့်တိုင်းရင်းသားဒေသ များနှင့် ဗမာပြည်မများ ပူးပေါင်းကာ နိုင်ငံရေးအရ တန်းတူနေထိုင်မည်ဟု သဘောတူစာချုပ်ချုပ်ဆိုပြီး အတူတကွနေထိုင်လာကြသည့် နိုင်ငံဖြစ်ပါသည်။ ထိုပဋိညာဉ်ဖြင့် မြန်မာပြည်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ လွတ်လပ်ရေးအတူတကွ ရယူခဲ့ကြပါသည်။ သို့သော် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဗမာလူမျိုးကြီးဝါဒကျင့်သုံးကာ အာဏာရှင်စနစ်ဖြင့် ရှမ်း၊ ကချင်၊ ချင်း နှင့် အခြားသောညီနောင်တိုင်းရင်းသားများအား နိုင်ငံရေးအရ ဖိနှိပ်အုပ်ချုပ်လာပါတော့သည်။  

ထိုအကျိုးဆက်ကြောင့် ပြည်မနှင့် တောင်တန်းဒေသများ စစ်ဖြစ်လာကာ တိုင်းရင်းသာနယ်မြေများ၌ စစ်၏ ဆိုးကျိုး အလူးအလဲခံလာခဲ့ရပါသည်။ ဗဟိုအစိုးရစစ်တပ်မှ ရွာမီးရှို့ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ရွာသားများအားနှိပ်စက်ခြင်းနှင့် မျိုးစုံသောလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြပါသည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာပြည်၌ ရွှေးကောက်ပွဲ ကျင်းပကာ ဒီမိုကရေစီအုပ်ချုပ်ရေး အသွင်ပြောင်းလာ သယောင်ရှိလာခဲ့သည်။ သို့သော်ရေရှည်မခံပဲ ၂၀၂၁ ခုနှစ် ဖေဖော်ရီလတွင် စစ်တပ်တဖန်အာဏာသိမ်းလာသောအခါ ပြည်မမှလူငယ်များနှင့် တိုင်းရင်းသားနယ်မြေမှ လူငယ်များ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်လက်တွဲကာ စစ်ကောင်စီအား တဖန်ဆန့်ကျင်တော်လှန်ကြပါသည်။ 

အာဏာရှင်ပြုတ်ကျရေးအတွက်တိုက်ပွဲဝင်ခဲ့သော ပြည်မမှလူငယ်များနှင့် နိုင်ငံရေးအရတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသော တော်လှန်းရေး ရဲဘော်များအား “ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ”မှ လေးစားစွာဂါဝရပြုလိုက်ပါသည်။            မပြီးပြတ်သေးသည့် တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများနှင့်ရှေ့ဆက် လက်တွဲကာတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း “ကချင်တမျိုးသားလုံးဆိုင်ရာကျောင်းသားနှင့်လူငယ်သမဂ္ဂ” မှ သဘောထား ထုတ်ပြန်လိုက်ပါသည်။

© 2024 – www.aksyu.org – All Rights Reserved.